Wednesday, November 23, 2016

Credit : မှုခင်းဆရာဝန်ကြီး ဒေါက်တာမောင်မောင်တိတ်
=====================================
ကိုယ်ပေါ်ရှိ ပြင်ပဒဏ်ရာများ ။          ။ ကိုယ်ပေါ်တွင်
တွေ့ရှိနိုင်သော ဒဏ်ရာများကို တိကျစွာမှတ်သားရမည်
ဒဏ်ရာတစ်ခုသည် မည်မျှပင်သေးဖွဲ့စေကာမူ ၊လျစ်လျူ
မရှုဘဲ တိကျစွာ မှတ်သားရမည် ။ ဒဏ်ရာများကို မှတ်
သားရာ၌  _

(၁) ဒဏ်ရာ၏ အမျိုးအစား
(၂) ဒဏ်ရာ၏ အတိုင်းအထွာ
(၃) ဒဏ်ရာ၏ တည်နေရာ
(၄) ဒဏ်ရာ၏ ပုံပန်းသဏ္ဍန်
(၅) ဒဏ်ရာ၏ သွားရာလမ်းကြောင်း
(၆) ဒဏ်ရာ၏ အလျားလိုက် အနေအထား
(၇) ဒဏ်ရာတွင် တွယ်ကပ်နေသော အစအန ၊ အမှုန့် ၊
      အဝတ်စ ၊ စသည်တို့ ရှိ - မရှိ
(၈) ဒဏ်ရာရပြီး အချိန်ကာလအလိုက် ဖြစ်ပေါ်လာသော
      အပြောင်းအလဲများ ၊ ဒဏ်ရာ၏ လတ်ဆတ်ပုံ ၊ သို့
      တည်းမဟုတ် ဒဏ်ရာဟောင်းဖြစ်ပြီး အသားနုတက်
      ခြင်း ၊ ပြည်တည်ခြင်း စသည့်အခြေအနေ ရှိနေပုံ ၊
(၉) သေပြီးမှရသောဒဏ်ရာ သို့မဟုတ် အသက်ရှိစဉ်က
      ရသောဒဏ်ရာများ အခြေအနေ (ဒဏ်ရာနှင့် ပတ်
သက်သော ဖော်ပြချက်များ၏ အသေးစိတ် အကြောင်း
များကို စာသားဖြင့် မည်မျှဖြင့် ထုတ်ဖော်ရေးသားထား
သည် ဖြစ်စေကာမူ ပုံတူဆွဲ (Sketch)ခြင်း ၊ ဓာတ်ပုံရိုက်
မှတ်တမ်းတင်ခြင်းများထက်မူကား ပို၍ တိကျနိုင်မည်
မဟုတ်ချေ ။ ဆေးဌာနပုံစံ (ဆေး ၂၁/ အပိုင်း ၁) တွင်
လည်း လူ၏ ပုံကြမ်းပုံများ ပါရှိလေသည် ။ထိုပုံစံများတွင်
ဒဏ်ရာ အနေအထား ၊ အရွယ်ပမာဏ စသည်တို့ကို အ
ချိုးကျအတိုင်း ဖြည့်စွက်ရမည် ။ ဒဏ်ရာများကို တစ်ခုစီ
နံပါတ်တပ်ပြီး ဖော်ပြသွားရမည် ။ ဤသို့ နံပါတ်တပ်ခြင်း
သည် ဒဏ်ရာရစဉ်အခါက ထိုနံပါတ်များ အစဉ်လိုက်အ
တိုင်း ဒဏ်ရာတစ်ခုပြီးတစ်ခု ရရှိခဲ့သည်ဟု မယူဆအပ်
ချေ ။ သို့သော် စစ်ဆေးသူအနေဖြင့် ဒဏ်ရာများသည်
အစဉ်အတိုင်း တစ်ခုပြီးတစ်ခု ရရှိခဲ့လိမ့်မည်ဟု ယူဆ
လျက် နံပါတ်ကိုလည်း အစဉ်လိုက် ပူးတွဲသတ်မှတ်သွား
သည့် စနစ်ကို သုံးလိုလျှင် သုံးနိုင်ပေသးသည် ။
             ဒဏ်ရာများကိုစစ်ဆေးကြည့်ရှုရာ၌ စိတ်မှန်းဖြင့်
မရယူဘဲ ဒဏ်ရာ၏ အတိုင်းအထွာများကို တိကျစွာမှတ်
သားရမည် ။ ပြင်ပဒဏ်ရာများကို ကြည့်ရှုစစ်ဆေးစဉ်
ကိုယ်တွင်းသို့ ဖေါက်ထွင်းနေသည့် အခြေအနေများကို
(Probe)စသည်တို့ဖြင့် ထိုးသွင်းကြည့်ရှုခြင်းကို ရှောင်
ကြဉ်ရမည် ။

ခန္ဓာကိုယ်တွင်း ခွဲစိတ်ကြည့်ရှုပုံ ။       ။ အလောင်းတစ်
လောင်းကို ရင်ခွဲကြည့်ရှုလျှင် ဆရာဝန် ၂ ဦးအတူလုပ်
ကိုင်ရန်လိုသည် ။ တစ်ဦးကဓါးနှင့် ခွဲစိတ်မှုပြုလုပ်ပြီး
ကျန်တစ်ဦးက တွေ့ရှိသော အချက်အလက်များကို ရေး
မှတ်ရန်လိုပေသည် ။
                        ကိုယ်ခန္ဓာအတွင်း ခွဲစိတ်ကြည့်ရှုရာတွင်
အရေးကြီးသော အချက်တစ်ခုမှာ မည်သည့်အကြောင်း
ကြောင့် သေသည်ဖြစ်စေ ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းအား
လုံးကို အမြဲတမ်းခွဲစိတ်ကြည့်ရှုသည့် အလေ့အထ ရှိရ
မည် ။ ဥပမညဆိုရလျှင် ယာဉ်တိုက်မှုကြောင့်သေသဖြင့်
ပထမ ဝမ်းဗိုက်အတွင်းသို့ခွဲကြည့်ရာ ဘေလုံးနှင့်
အသည်းတို့ကွဲ၍ ၄င်းဒဏ်ရာများမှ သွေးလွန်ပြီး သွေး
ဆုတ်သေကြောင်း အချက်အလက်များကို တွေ့ရှိသော်
ငြားလည်း အခြားရင်ဘတ်အတွင်းမှ ကိုယ်အင်္ဂါအစိတ်
အပိုင်းများ ၊ ဦးခေါင်းခွံအတွင်းရှိ ဦးဏှောက်နှင့် ဦးခွံ
အခြေတို့ကိုပါ စစ်ဆေးကြည့်ရှုခြင်း မပြုဘဲ ချန်လှပ်
မထားသင့်ပေ ။             ။


No comments:

Post a Comment