Sunday, July 31, 2016

အမိန့် ၂၁ နည်း ၃၅(၁)
===================

တရားမကျင့်ထုံး အမိန့် ၂၁ ၊ နည်း ၃၅ (၁) ပါ ပြဋ္ဌာန်း ချက်အရ ဆိုလျှင် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းကို ပေးအပ်ရန် ဒီကရီရရှိထားသူကို ယင်းပစ္စည်းအား လက် ရောက်ပေးအပ်ရမည်ဖြစ်သည် ။
   တရားနိုင်တို့ရရှိထားသည့်ဒီကရီအရ တရားရှုံးတို့က အချင်းဖြစ်မြေကို တရားနိုင်များ၏ လက်ဝယ်သို့ ပေးအပ် ရမည်ဖြစ်ရာ တရားရှုံးတို့သည် အချင်းဖြစ်မြေပေါ်တွင် နေထိုင်ခွင့် မရှိပေ ။ အချင်းဖြစ်မြေပေါ်ရှိ အဆောက် အအုံတွင် နေထိုင်ခြင်းသည် တရားနိုင်ဒီကရီရှိထား သည့် မြေပေါ်တွင် နေထိုင်ခြင်းပင်ဖြစ်သည် ။
   ဇာရီရုံးတွင် တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁ ၊ နည်း ၃၅(၁) အရ ဒီကရီကိုအတည်ပြုရာတွင် အချင်းဖြစ်မြေ ကို တရားနိုင်အား လက်ရောက်ပေးအပ်ရမည်ဖြစ်သည် ။ ထိုသို့ လက်ရောက်ပေးအပ်ရာတွင် ဒီကရီအရ လိုက် နာရန်တာဝန်ရှိပြီး ပစ္စည်းမှ ပြောင်းရွှေ့ပေးရန် ငြင်းဆန် သူအား ဖယ်ရှားနိုင်မည် ဖြစ်သည် ။
    အချင်းဖြစ်မြေမှ ထွက်ခွာသွားရန် ငြင်းဆန်သူ တရား ရှုံးအား ဖယ်ရှားခြင်းသည် တရားမကျင့်ထုံးဥပဒေအမိန့် ၂၁ ၊ နည်း ၃၅ (၁) ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက် ခြင်းဖြစ်၍ ဒီကရီကို ကျော်လွန်ဆောင်ရွက်ရာ မရောက် ချေ ။
    တရားရှုံးတို့အား အချင်းဖြစ်မြေပေါ်ရှိ အဆောက် အအုံမှ ဖယ်ရှားခြင်းသည် အချင်းဖြစ်မြေအပြင် တရားရှုံး ပိုင် အဆောက်အအုံကိုပါ တရားနိုင်တို့အား ပေးအပ် သည်ဟု မဆိုနိုင်ပေ ။
    အချင်းဖြစ်မြေပေါ်ရှိ အဆောက်အအုံမှာ တရားရှုံးပိုင် အဆောက်အအုံ ဖြစ်ရာ တရားရှုံးက ၄င်းပိုင် အဆောက် အအုံကို ၄င်း၏ဆန္ဒအလျောက် ဖျက်ယူသွားခွင့် ရှိပေ သည် ။ တရားရှုံးက ဖျက်ယူလိုသည့်ဆန္ဒမရှိ၍ တရားနိုင် တရားရှုံးတို့ ညှိနှိုင်းကြမည်ဆိုပါက နှစ်ဦးနှစ်ဖက် ညှိနှိုင်း သဘောတူသည့်အတိုင်း ဆောင်ရွက်နိုင်ကြသည် ။
    အကယ်၍ တရားရှုံးက ဖျက်သိမ်းခြင်းမပြု ၊ နှစ်ဦးနှစ် ဖက်ညှိနှိုင်း၍လည်း သဘောတူညီချက် မရရှိပါက တရားနိုင်အနေဖြင့် တရားရှုံးအပေါ် တရားနိုင်၏ မြေပေါ် တွင် တည်ဆောက်ထားသည့် အဆောက်အအုံကို ဖျက် ယူစေရန်အတွက် တရားတစ်ထုံး စွဲဆိုရန်လိုပေသည် ။ အဆောက်အအုံကို ဖျက်သိမ်းရန် ဒီကရီရှိသည့်အခါမှ တရားရုံးကဒီကရီကိုအတည်ပြုရာတွင် မြေပေါ်ရှိ အဆောက်အအုံကို ဖျက်သိမ်းဖယ်ရှားနိုင်မည်ဖြစ်သည် ဟု " ဒေါ်သောင်းညွန့်နှင့် ဦးသိန်းတင်ပါ(၂) ၊ ၂၀၀၁ ခု နှစ် မတစ ၄၃၀ " တွင် ပြဆိုထားပါသည် ။

     အပ်ဝရမ်းကို အတည်မပြုနိုင်သည့်အခါ တရားနိုင် သည် တရားမကျင့်ထုံး အမိန့် ၂၁ ၊ နည်း ၃၅ သို့မဟုတ် နည်း ၃၆ အရ ဒီကရီကို အတည်ပြုပေးရန် ထပ်မံ လျှောက်ထားနိုင်သည် ။ တရားနိုင်က အပ်ဝရမ်း ထပ်မံ ထုတ်ပေးရန်လျှောက်ထားတိုင်း တရားရုံးက အပ်ဝရမ်း ထပ်မံထုတ်ပေးနိုင်သည် ။ တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁ ၊ နည်း ၃၅ တွင် အပ်ဝရမ်းကို တစ်ကြိမ်သာ ထုတ် ပေးရမည်ဟု ကန့်သတ်မထားပေ ။
    လက်ရောက်ပေးအပ်ရန်လျှောက်ထားရာတွင် ခုခံ တားဆီး ဟန့်တားခြင်းခံရသူ တရားနိုင်သည် တရားမ ကျင့်ထုံးဥပဒေအမိန့် ၂၁ ၊ နည်း ၃၅ သို့မဟုတ် နည်း ၃၆ အရ "အပ်ဝရမ်း ထပ်မံထုတ်ပေးရန်လျှောက်ထားခြင်း မပြုဘဲ " တရားမကျင့်ထုံးဥပဒေအမိန့် ၂၁ ၊ နည်း ၉၇ အရလည်း လျှောက်ထားနိုင်သည် ။ တရားရုံးသည် သင့် သည်ထင်မြင်သည့်အတိုင်း စုံစမ်းမှုပြု၍ နည်း ၉၈ နှင့် နည်း ၉၉ အရ အမိန့်ချမှတ်နိုင်သည် ။
    သို့ရာတွင် ဤနည်းဥပဒေအရ စုံစမ်းမှုမပြုမီ တရားနိုင် က တရားရုံးသို့ လျှောက်ထားရန်လိုသည် ။ တရားရုံး သည် မိမိသဘောအရဖြစ်စေ ၊ ဘီလစ်၏ အစီရင်ခံစာ အရဖြစ်စေ ၊ တရားရှုံး၏လျှောက်ထားချက်အရဖြစ်စေ ၊ ကြားလူတို့၏ လျှောက်ထားချက်အရဖြစ်စေ ၊ စုံစမ်းမှုပြု ရန်အမိန့်မချမှတ်နိုင်ပေ ဟု " ဦးတင်မောင် ပါ(၃)နှင့် ဦး မြမောင်ပါ(၃) (ကွယ်လွန်သူဒေါ်သြ၏ကိုယ်စားလှယ်များ ) ၁၉၉၅ မတစ ၆၁ တွင် ပြဆိုထားသည် ။          ။

No comments:

Post a Comment